လေဆာနဲ့ကုသလို့ရတဲ့ အရေပြားပြဿနာများ
ခေတ်မီတိုးတက်လာတာနဲ့အမျှ လေဆာနဲ့ ရောဂါတွေ ကုသတာမျိုးက မဆန်းတော့ပါဘူး။ လေဆာရောင်ခြည်နဲ့ ကုသတာကို မျက်စိရောဂါ၊ ဆီးနဲ့ကျောက်ကပ်ရောဂါ (ဥပမာ…ဆီးကျောက်ချေတာ)၊ အထွေထွေ ခွဲစိတ်မှုနဲ့ အလှအပရေးရာကုသမှုတွေမှာ တွင်ကျယ်စွာ အသုံးပြုလာနေကြပါပြီ။
ဒီဆောင်းပါးမှာတော့ ဘယ်လိုအရေပြားပြဿနာတွေဆိုရင် လေဆာနဲ့ ကုလို့ရသလဲဆိုတာကို ပြောပြပေးမှာပါ။
အရေပြားပေါ်က အနီစက်တွေ
Rosacea လို့ခေါ်တဲ့ မျက်နှာနီမြန်းပြီး ဝက်ခြံလိုအဖုတွေ၊ အနီဖတ်တွေ ထွက်နေတာ၊ မျက်နှာပြင်က သွေးကြောတွေ ထင်ရှားပြီး ရဲနေတာနဲ့ တခြားအနီစက်တွေကို လေဆာနဲ့ ကုသဖယ်ရှားလို့ ရပါတယ်။ ဖယ်ရှားတာဟာ မိနစ်အနည်းငယ်ခန့်သာ ကြာမြင့်နိုင်ပြီး တခါတရံ လေဆာနဲ့ကုသပြီး ရက်အနည်းငယ်ကြာတဲ့ထိ ကုသထားတဲ့အရေပြားမှာ သွေးခြေဥနေတာမျိုး ရှိနေနိုင်ပါတယ်။
ဆိုရီရေးဆစ် အရေပြားရောဂါနဲ့ အရေပြားကင်ဆာ
ကင်ဆာနဲ့ ကင်ဆာဖြစ်နိုင်ခြေ ရှိတဲ့အစက်အပြောက်တွေ၊ ဆိုရီရေးဆစ် အရေပြားရောဂါကြောင့် ဖြစ်တဲ့ အစက်အပြောက်တွေကို လေဆာနဲ့ ဖျောက်နိုင်ပါတယ်။ Light-sensitive Medication လို့ခေါ်တဲ့ အလင်းကို တုန့်ပြန်တဲ့ဆေးကို အရင်လိမ်းပေးပြီးမှ Red Light, Blue Light နဲ့ Intense Pulse Light တွေသုံးပြီး ဖယ်ရှားတာပါ။ အချိန်တစ်နာရီကနေ နှစ်နာရီခန့် ကြာမြင့်နိုင်ပါတယ်။
မွေးရာပါ အမှတ်အသား
Pulsed Dye Lasers နဲ့ Intense Pulsed Light Therapy တွေဟာ ကလေးတွေနဲ့ တစ်နှစ်အောက် ကလေးငယ်တွေမှာပါ သုံးလို့ရပြီး မွေးရာပါအမှတ်အသားတွေကို ဖယ်ရှားပေးနိုင်တဲ့ လေဆာကုထုံးတွေပါ။
အမွှေးအမျှင်နဲ့ တက်တူးဖယ်ရှားခြင်း
ရည်းစားနာမည်တို့၊ ပုံတို့ထိုးထားပြီး ရည်းစားနဲ့ ပျက်သွားလို့ စိတ်ညစ်မနေရတော့ပါဘူးနော်။ တက်တူးတွေနဲ့ မလိုအပ်တဲ့ အမွှေးအမျှင်တွေ (ဥပမာ…မျက်နှာမှာ အမွှေးအမျှင်များနေတဲ့ မိန်းကလေးတွေ) ကို လေဆာသုံးပြီး ဖယ်ရှားလို့ ရနေပါပြီ။
အိုမင်းရင့်ရော်တဲ့ လက္ခဏာနဲ့ အရေပြားပြဿနာတွေ
အရေးအကြောင်း၊ အသက်ကြီးလို့ ဖြစ်တဲ့မှဲ့ခြောက်၊ ဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေ၊ တင်းတိတ် စတာတွေကို လေဆာသုံးပြီး ကုသလို့ ရနေပါပြီ။
လေဆာနဲ့ ကုသတာဟာ ခွဲစိတ်တာထက် နာကျင်မှုနည်းပေမယ့် စျေးပိုကြီးတာ၊ ထပ်ခါထပ်ခါ လုပ်ဖို့ လိုအပ်တာတွေ ရှိနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ ကုသပေးမယ့်သူရဲ့ စွမ်းရည်နဲ့ ကျွမ်းကျင်မှုပါ။ ဒါကြောင့် လေဆာနဲ့ ကုသမယ်လို့ ဆုံးဖြတ်ထားရင် တကယ်နားလည် တတ်ကျွမ်းတဲ့သူနဲ့သာ တိုင်ပင်ကုသဖို့ လိုအပ်ပါတယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာယဉ်ရွှေရည်